Cele News

ရုတ်တရက် မျက်နှာတစ်ခြမ်း လေဖြန်းသွားခဲ့ရတဲ့ လူရွှင်တော် ငြိမ်းချမ်း

ရုတ်တရက် မျက်နှာတစ်ခြမ်း လေဖြန်းသွားခဲ့ရတဲ့ လူရွှင်တော် ငြိမ်းချမ်း

ဟာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ လူရွှင်တော်တစ်ယောက်လည်းဖြစ်တဲ့ ငြိမ်းချမ်းရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၃၀ ကျော်ကိုရောက်ရှိလို့နေပါပြီ။သူ့ကိုတော့လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေအရင်ဆုံးသိရှိခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ဟာသလေးကတော့ သောက်မလား ကို့ရေခဲရေ ရေခဲရေဆိုတဲ့သူ့ရဲ့ ပျက်လုံးလေးဟာအခုချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားတုန်းပါပဲ။အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာ ဟာသသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်လာတာကိုတွေ့ရပါတယ်။

လူရွှင်တော်ငြိမ်းချမ်းဟာလက်ရှိမှာရုတ်တရက် မျက်နှာတစ်ခြမ်း လေဖြန်းသွားတဲ့ ဝေဒနာကို ခံစားနေရတယ်လို့ဆိုပါတယ်။ဒီလိုလေဖြန်းသွားခဲ့ရတဲ့ အကြောင်းအရင်းကိုလည်းငြိမ်းချမ်းက ပြောပြခဲ့ပါတယ်။

လပြည့်နေ့တုန်းက ဦးတို့ချွန်တွန်းအဖွဲ့က ဘုရားကိုမနက်(၆)နာရီလောက်အရောက်သွားကြမယ်ဆိုတော့ ဦးကမနက်အိပ်ရာထရင်ရေချိုးတတ်တဲ့အကျင့်ရှိတယ်၊ဘုရားလည်းသွားမှာဆိုတော့ သန့်သန့်ရှင်းရှင်းဖြစ်အောင်ရေချိုးလိုက်တယ်၊ ဘုရားက ပြန်လာပြီးတော့ဘုန်းကြီးကျောင်း တစ်ကျောင်းအတွက် ကထိန်ခင်းလိုက်သေးတယ်။အဲဒီမှာ ဒန်ပေါက်တော့ နည်းနည်းစားခဲ့တယ်။ သွေးတိုး၊ ဆီးချို ဘာမှလည်း မရှိတဲ့အပြင် အရင်တုန်းကလည်း ဒန်ပေါက်စားနေကြ ဘာမှ မဖြစ်ဘူး။ အရက်တို့၊ ကွမ်းတို့လည်း ဦးက မစားဘူး။ဒန်ပေါက်ဆိုလည်း ဦးက တစ်ပွဲတောင် မကုန်ပါဘူး ကြက်သားဆိုလည်း တစ်ဖဲ့လောက်ပဲ စားဖြစ်ခဲ့တာ။

ညနေ အိမ်ပြန်ရောက်တော့ ပါးစပ်တစ်ခြမ်းကစကားပြောရတာတစ်မျိုးကြီးပဲပေါ့။အရင်တုန်းကဦးကလည်ချောင်းက အဆီအကြိတ်ဖုကိုခွဲဖူးတယ်။အဲဒီတုန်းက အာရုံကြောထိပြီးပါးစပ်ရွဲ့သွားဖူးတယ်။ အာရုံကြောဆေးသောက်လိုက်တာပြန်ကောင်းသွားတယ်။အခုလည်းလေဖြတ်တယ်ဆိုတာ မသိရသေးပဲ အာရုံကြောဖြစ်တယ်အောက်မေ့ပြီး ဦးနှောက်နဲ့ အာရုံကြောဆေးရုံကိုသွားလိုက်တယ်၊ ဆေးလည်းပေးလိုက်တယ်။ရပ်ကွက်ထဲက ဆရာဝန်နဲ့ ညနေပိုင်းတစ်ကြိမ်သွားပြတော့မှ လေဖြန်းသွားတာဆိုတာသိရတာလို့ သူကဆိုပါတယ်။

အခုတော့ မြန်မာဆရာကိုလည်းပြရတယ်၊ အင်္ဂလိပ်ဆရာကိုလည်းပြရင်းဆေးကုသမှုခံယူနေပါတယ်။အင်္ဂလိပ်ဆေးခန်းကတော့အာရုံကြောအားဆေးတွေထိုးပေးတယ်။မြန်မာဆရာကတော့ထိုးဆေးတွေရော၊လိမ်းဆေးတွေရော၊ သောက်ဆေးတွေရောပေးပါတယ်။ မျက်နှာတစ်ခြမ်းလေဖြတ်သွားပေမယ့် နောက်တစ်ခြမ်းနဲ့တော့ စကားပြောလို့ရပါသေးတယ်။ ပရိသတ်ရဲ့ စေတနာ၊ မေတ္တာတွေကြောင့် မကြာခင်မှာ နေပြန်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ အားလုံးကိုလည်းကျေးဇူးအများကြီး တင်ပါတယ်လို့ဆက်လက်ပြောပြခဲ့ပါတယ်။

Credit to Original