Cele News

စစ်ကောင်စီက အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မယ့်ကိစ္စ လူမင်း လုံးဝလက်မခံဟု ဂျပန်သတင်းထောက်မှတစ်ဆင့်မှာကြား

စစ်ကောင်စီကအောင်ဆန်းရုပ်ရှင်ဆက်ရိုက်မယ့်ကိစ္စ လူမင်းလုံးဝလက်မခံဟုဂျပန်သတင်းထောက်မှတစ်ဆင့်မှာကြား

စစ်ကောင်စီကအောင်ဆန်းရုပ်ရှင်ဆက်ရိုက်မယ့်ကိစ္စကိုဒါရိုက်တာလူမင်းကလုံးဝလက်မခံဘူးလို့ အင်းစိန်ထောင်ထဲမှာလူမင်းနဲ့အတူအခန်းဘေးချင်းကပ်ရပ်နေခဲ့တဲ့ဂျပန်သတင်းထောက်ယူကီခီတဇုမီကပြောပါတယ်။စစ်ကောင်စီရဲ့သာသနာရေးဝန်ကြီးဦးကိုကိုနဲ့ဗိုလ်ချုပ်ရုပ်ရှင်ဆက်ရိုက်မယ့်သူတွေ၊သမိုင်းပညာရှင်တွေရန်ကုန်ကအမျိုးသားပြတိုက်မှာမေလ၁၆ရက်ကအစည်းအဝေးလုပ်ခဲ့ကြပြီးသာ/ယဉ် ဒု ဝန်ကြီး ဦးထွန်းအုံနဲ့အရင်ကသရုပ်ဆောင်ပိုင်းဒါရိုက်တာသာဖြစ်ခဲ့တဲ့ပန်းချီစိုးမိုးတို့ပူးပေါင်းပြီးဒါရိုက်တာတာဝန်ယူထားသူလူမင်းမပါဘဲရုပ်ရှင်ဆက်ရိုက်ဖို့အစည်းအဝေးမှာဆုံးဖြတ်ခဲ့ကြတာပါ။

ကိုလူမင်းကကျွန်တော့ကိုပြောခဲ့တယ်၊စစ်ကောင်စီကမတရားလုပ်တာကိုလုံးဝမခံနိုင်ဘူး၊ဘယ်တော့မှအရှုံးမပေးဘူးလို့ပြောပြခဲ့ပါတယ်၊သူတို့ဆက်ရိုက်ရင်သူတို့လိုသလိုတည်းဖြတ်မှာတွေလုပ်မှာကိုလုံးဝလက်မခံနိုင်ဘူးလို့ပြောတယ် လို့ယူကီခီတဇုမီကပြောပါတယ်။အဲ့ဒီအောင်ဆန်းရုပ်ရှင်မှာယူကီကိုယ်တိုင်လည်းဂျပန်စစ်ဗိုလ်ကြီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးစစ်ကောင်စီရဲ့ဝါဒဖြန့်ရုပ်ရှင်ဖြစ်သွားမှာကိုဒါရိုက်တာလူမင်းကအပြင်းအထန်ကန့်ကွက်သလိုသူကိုယ်တိုင်ကလည်းမလိုလားကြောင်းပြောပါတယ်။

ဒါရိုက်တာလူမင်းကစစ်အာဏာသိမ်းတာကိုကန့်ကွက်လို့အင်းစိန်ထောင်အတွင်းမှာအကျဉ်းကျခံနေရတာပါ။ကျွန်တော်တို့နှစ်ယောက်ကအဆောင်အတူတူနေခဲ့ရတယ်၊တစ်ယောက်တစ်ခန်းပေါ့နော်၊ထောင်ထဲစရောက်ခါစတုန်းကအပြင်ကိုလမ်းထွက်လျှောက်ခွင့်ရခဲ့တယ်၊အဲ့မှာထောင်အကျဉ်ခန်းထဲကနေကိုလူမင်းကစကားလှမ်းပြောတယ်။မျက်နှာတော့မမြင်ရဘူး၊မျက်လုံးလောက်ကျယ်တဲ့အပေါက်ကလေးကလှမ်းပြောတာပါ။လို့သူကဆိုပါတယ်။

ယူကီခီတဇုမီဟာဧပြီလ၁၈ ရက်မှာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီးမေလ ၁၄ရက်မနက်မှာ အင်းစိန်ထောင်ကနေပြန်လွတ်ကာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေဂျပန်နိုင်ငံကို ပြန်ပို့ခံလိုက်ရတာဖြစ်ပါတယ်။ဒါရိုက်တာလူမင်းပြောချင်တာတွေကိုအပြင်မှာပြန်ပြောပေးနိုင်တာသူတစ်ယောက်တည်းရှိပြီးစစ်ကောင်စီကအပြီးသက်လုပ်တဲ့ဒီရုပ်ရှင်ထွက်လာရင်လုံးဝအောင်မြင်မှာမဟုတ်ကြောင်းနဲ့ပြည်သူတွေအနေနဲ့လည်းဒီရုပ်ရှင်ကိုမကြည့်ကြဘဲစစ်ကောင်စီကို ပိုပြီးဆန့်ကျင်ကြဖို့ယူကီကတောင်းဆိုပါတယ်။

နေအိမ်အကျယ်ချုပ်မှာနှစ်ပေါင်းများစွာနေခဲ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ်နှစ်ကုန်ခါနီးမှာမြန်မာ့ရုပ်ရှင်နယ်ပယ်ကလူတွေနဲ့တွေ့ဆုံတာကနေ ဗိုလ်ချုပ်ရာဇဝင်ကားရိုက်ဖို့စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကို၂၀၁၂ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့ပြီးဇာဂနာ၊ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ဝိုင်း၊ထွန်းအိန္ဒြာဗို၊ဒါရိုက်တာအိအိခိုင်၊ ဇာဂနာ၊လူမင်းနဲ့ဇင်ဝိုင်းတို့ပါဝင်ခဲ့ပါတယ်။အာဏာသိမ်းမခံရခင်ဇန်နဝါရီလအတွင်းကထုတ်ပြန်ချက်မှာတော့အောင်ဆန်းရုပ်ရှင်ဟာ၉၀ရာခိုင်နှုန်းလောက်ပြီးစီးနေပြီလို့ဆိုပါတယ်။

Credit