ကမ္ဘာ့မီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ပြည်သူ့တော်လှန်ရေး အလှမယ် (သို့)ထားထက်ထက် ရဲ့ ဘဝဇာတ်ကြောင်း
ဟိုတစ်လောက Miss Grand Ukraine အလှမယ်လေး လက်နက်ကိုင်ပြီး သူ့နိုင်ငံကိုကာကွယ်ဖို့ ရှေ့တန်းမှာပါဝင်တဲ့သတင်းဟာကမ္ဘာ့မီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တယ်။ အဲ့သတင်းကိုမြင်တော့ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးမှာလည်းကိုယ်ကျိုးမဖက် အရာရာကိုစွန့်လွှတ်ပြီးမတွန့်မဆုတ်ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည် သွားပေးခဲ့တဲ့ ပြည်သူ့အလှမယ်စစ်စစ် တစ်ယောက်ကိုသွားသတိရမိပါတယ်။ ဟုတ်ပါတယ်သူမကတော့ အားလုံးသိကြတဲ့ ပြည်သူချစ်အလှမယ်လေး ထားထက်ထက် ပါ။
အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ ထားထက်ထက်ဟာ ငါးတန်းကျောင်းသူအရွယ်ကတည်းကစလို့တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်အထိနိုင်ငံကိုယ်စားပြုမြန်မာ့လက်ရွေးစင် ကျွမ်းဘားမယ်အဖြစ် နိုင်ငံတကာအားကစားပြိုင်ပွဲတွေကနေ ဆုတံဆိပ်ပေါင်းများစွာရရှိခဲ့သူတစ်ဦးပါ။
တက္ကသိုလ်ပထမနှစ်မှာပဲ ကားအက်စီးဒင့်တစ်ခုကြောင့် ကျွမ်းဘားကစားခြင်းကို စွန့်လွှတ်ခဲ့ရပေမဲ့လည်း 2013ခုနှစ်မှာတော့ ကမ္ဘာ့အကြီးဆုံးအလှမယ်ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Miss Grand International ပွဲကြီးမှာ မြန်မာကိုယ်စားပြုအဖြစ် ဂုဏ်ယူစွာ သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ နိုင်ငံပေါင်း(၈၀) လာပြိုင်ကြတဲ့အထဲမှာမှ သူမဟာ Top(20) နဲ့ Miss Popular Award တို့ကို မြန်မာပြည်အတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲအပြီး 2014ခုနှစ်ကစလို့သရုပ်ဆောင်တစ်ဦးအနေနဲ့ ရုပ်ရှင်နယ်ပယ်ကို ဝင်ရောက်လာခဲ့ပြီး ဗီဒီယိုဇာတ်ကား များစွာအပြင်လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ၊အယူတော်မင်္ဂလာ၊Special Force၊25%အစရှိတဲ့ ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် နဲ့ ကျွမ်းဘားအားကစားနည်းပြ အဖြစ် လုပ်ကိုင်လျက်ရှိတဲ့ ထားထက်ထက်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ကိုဆန့်ကျင်ကာ ပြည်သူနဲ့အတူတစ်သားတည်း ရပ်တည်ခဲ့တာကြောင့် 505ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ခြင်းခံခဲ့ရပြီး 2021, April လမှာတော့ တော်လှန်ရေးနယ်မြေတစ်ခုကို သွားရောက်ကာ စစ်အာဏာရှင်စနစ်ဆိုးကို အထိရောက်ဆုံး တော်လှန်နိုင်မယ့်လမ်းကို ခက်ခက်ခဲခဲ ရွေးချယ်လျှောက်လှမ်းခဲ့ပါတော့တယ်။သူမဟာ တော်လှန်ရေးခရီးလမ်းတစ်လျှောက် ထုတ်ဖော်မပြောပြနိုင်တဲ့ အခက်အခဲပေါင်းများစွာကို တွေ့ခဲ့ရပြီးသူမချစ်ရတဲ့ဖခင် ကွယ်လွန်ဆုံးပါးသွားတဲ့အချိန်မှာတောင် အနားမှာမရှိပေးနိုင်ခဲ့ပဲ တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရင်း အဝေးတစ်နေရာမှာသာ ရှိနေခဲ့ရရှာပါတယ်။
ဒါကြောင့်မို့ ဒီလိုအခက်အခဲတွေကြားကနေ လက်ရှိအချိန်ထိ ပရိသတ်ပြည်သူနဲ့အတူ တော်လှန်ရေးခရီးကြမ်းကြီးကို အားမလျော့တမ်းလျှောက်လှမ်းနေပြီး စစ်မှန်တဲ့ဒီမိုကရေစီပြန်ရဖို့ တိုက်ပွဲဝင်ပေးနေတဲ့ ပြည်သူ့အလှမယ် ထားထက်ထက် နဲ့ သူမလို တော်လှန်ရေးမှာ တစ်တပ်တစ်အားပါဝင်ပေးနေကြတဲ့ artist တိုင်းကိုလည်း ကျေးဇူးတင်စွာနဲ့ ပရိသတ်များက မမေ့မလျော့ သတိတရ ရှိနေပေးဖို့လိုပါတယ်။သူတို့ကို ပိုတိုး၊ပိုချစ်၊ပိုအားပေး ကြဖို့ လိုပါတယ်။
Credit